International News

အိန္ဒိယနိုင်ငံအနေဖြင့် ဂျုံတင်သွင်းမှုအပေါ် ကောက်ခံသည့် အခွန်အားလျှော့ချရန် စဉ်းစားနေသည်ဟု စားနပ်ရိက္ခာဝန်ကြီးဌာန အတွင်းဝန် Sanjeev Chopra က ပြောကြား

Last Updated:

အိန္ဒိယအစိုးရသည် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန်ကတိပြုဆောင်ရွက်လျက်ရှိရာ ဂျုံတင်သွင်းမှုအပေါ် သွင်းကုန်ခွန်လျှော့ချရန် သို့မဟုတ် ဖျက်သိမ်းရန် စဉ်းစားလျက်ရှိကြောင်း၊ ဂျုံတင်သွင်းရန် ရုရှားထံမှ အဆိုပြုချက်ကို လက်ခံရရှိထားကြောင်း၊ သို့ရာတွင် အစိုးရအချင်းချင်း သဘောတူညီချက်အရ ဂျုံတင်သွင်းရန် အဆိုပြုထားခြင်းမရှိကြောင်း အိန္ဒိယ၏ စားနပ်ရိက္ခာဝန်ကြီးဌာန၊ အတွင်းဝန် Sanjeev Chopra ၏သောကြာနေ့တွင် ပြောကြားခဲ့သည့်အချက်အလက်များကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြထားကြောင်း The EconomicTimes သတင်းစာတွင် ဖော်ပြထားပါသည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံအကြား ဖြစ်ပွားသည့်ပဋိပက္ခကာလအတွင်း ကမ္ဘာသို့ နှံစားသီးနှံတင်ပို့ခွင့် သဘောတူညီချက်မှ ရုရှားနုတ်ထွက်ခြင်းနှင့် အိန္ဒိယနိုင်ငံမှ ဆန်ဖြူတင်ပို့မှုကိုကန့်သတ်ခဲ့ပြီးနောက်  ဆန်နှင့်ဟင်းသီးဟင်းရွက်ဆီကဲ့သို့သော စားသောက်ကုန်များအတွက် ကမ္ဘာ့စျေးနှုန်းများမြင့်တက်လာခဲ့သည်ဟု ကုလ သမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(U.N. Food and Agriculture Organization-FAO) ၏ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားကြောင်းလည်း သိရှိရပါသည်။

လစဉ်ရောင်းဝယ်လေ့ရှိသော စားသောက်ကုန်များ၏ နိုင်ငံတကာစျေးနှုန်းများ အပြောင်းအလဲများကို စောင့်ကြည့်သတ်မှတ်သည့် FAO ၏စားနပ်ရိက္ခာဈေးနှုန်းအညွှန်းကိန်းသည် ဆန်နှင့် ဟင်းသီးဟင်းရွက်ဆီဈေးနှုန်းများမြင့်မားခြင်းကြောင့် ဇွန်လထက် ဇူလိုင်လတွင် ၁.၃ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ပါကြောင်း၊ သကြားဈေးနှုန်းများမြင့်မားမှုသည်လည်း တစ်နှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် အညွှန်းကိန်း အနည်းငယ်တက်သွားကြောင်း သိရှိရပါသည်။

စားနပ်ရိက္ခာမလုံလောက်မှုဒဏ်ကို ရင်ဆိုင်နေရသော အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အာရှဒေသများသို့ ဂျုံ၊ မုယော၊ နေကြာဆီနှင့် အခြားစျေးသက်သာသော စားသောက်ကုန်များအား အဓိကတင်ပို့သည့် ယင်းနှစ်နိုင်ငံမှ ကုန်စည်ပို့ဆောင်မှုများကျဆင်းခဲ့သောကြောင့် ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာအတွက် ခက်ခဲသည့်ကာလကိုရင်ဆိုင်နေရကြောင်း၊  သွင်းကုန်ကို မှီခိုနေရသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ငွေကြေးဖောင်းပွမှု၊ ဆင်းရဲမွဲတေမှုနှင့် စားနပ်ရိက္ခာမလုံလောက်မှုများတိုးမြင့်မှုကို ဖြစ်စေသည့် အဆိုပါဈေးနှုန်းလှုပ်ခတ်မှုများကြောင့် ကမ္ဘာ့နိုင်ငံများသည် ပြန်လည်ကောင်းမွန်သည့်အခြေအနေသို့ ရောက်ရှိရန်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံသည် ဂျုံစိုက်ပျိုးမှုတွင် တရုတ်နိုင်ငံပြီးလျှင် ဒုတိယအများဆုံးစိုက်ပျိုးသည့်နိုင်ငံဖြစ်ပြီး ကိုယ်တိုင်လည်း ပြည်ပသို့ ဂျုံတင်ပို့လျက်ရှိသည့်နိုင်ငံဖြစ်သော်လည်း ယခုအခါ ဂျုံတင်သွင်းမှုအတွက် အခွန်များကိုလျှော့ချပြီး ရုရှားမှ ဂျုံများတင်သွင်းနိုင်ရန် ပြင်ဆင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ အိန္ဒိယသည် ရုရှား း-ယူကရိန်းပဋိပက္ခအတွင်း ရေနံစိမ်းအား ရုရှားနိုင်ငံမှ သက်သာသော ဈေးနှုန်းဖြင့် တင်သွင်းသန့်စင်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးသို့ ဈေးကွက်ပေါက်ဈေးဖြင့် ပြန်လည်ရောင်းချသကဲ့သို့ ယခုအခါ ဂျုံကိုလည်း အလားတူပြန်လည်တင်ပို့ရောင်းချနိုင်ရန် ပြင်ဆင်ပြီး ရရှိလာသည့် ဈေးကွက်အခွင့်အလမ်းကို အမိအရဆုပ်ကိုင်နိုင်ရန် ကြိုးစားဆောင်ရွက်ခြင်းဖြစ်သည်ဟု ယူဆရပါသည်။ သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံအနေဖြင့် ရရှိလာသည့် ဈေးကွက်အခွင့်အလမ်းအတွက် သွင်းကုန်ခွန်လျှော့ချပေးခြင်းဖြင့် ဆွဲဆောင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေအား သိရှိနိုင်ရန် တင်ပြအပ်ပါသည်။

Source: India considering cutting import tax on wheat, says Food Secy Sanjeev Chopra, The Economic Times, 4 August 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

 

 

Category: International News